ရတနာပုံ FC ဘောလုံးအသင်း ရှုံးပွဲမရှိ ဗိုလ်စွဲ

သတင်း - အားကစား သတင်းရင်းမြစ် > ဖနိဒါ/မဇၩိမ တနင်္လာနေ့၊ ဂျူလိုင်လ ၆ ရက် ၂၀၀၉ ခုနှစ်


နယူးဒေလီ ။     ။ မြန်မာနေရှင်နယ်လိဂ် နောက်ဆုံး ဗိုလ်လုပွဲအား ရန်ကုန်မြို့ သင်္ကန်းကျွန်းရှိ သုဝဏ္ဏ ဘောလုံးကွင်း၌ ယမန်နေ့က ကျင်းပခဲ့ရာ ရတနာပုံ FC အသင်းက ရန်ကုန် ယူနိုက်တက် အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။

မိနစ် ၉၀ ကစားချိန်အတွင်း ၂ ဂိုးစီ သရေကျနေပြီး အချိန်ပိုတွင်လည်း အပြန်အလှန် ဂိုးသွင်းယူနိုင်ခြင်း မရှိသဖြင့် ပယ်နယ်တီ အဆုံးအဖြတ် ခံယူရာ မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံ FC အသင်းက ပင်နယ်တီ ၄ ဂိုး တဂိုး၊ စုစုပေါင်း ၆ ဂိုး ၃ ဂိုးဖြင့် ရန်ကုန်တိုင်း ကိုယ်စားပြု ရန်ကုန် ယူနိုက်တက် အသင်းကို အနိုင်ရလိုက်ခြင်း ဖြစ်သည်။

‘‘ကျနော်တို့ အရမ်း အတိုင်းအဆမရှိ ပျော်မိပါတယ်။ ကျနော်တို့ မျှော်လင့်ထားတဲ့ဟာ ကျနော်တို့ ရည်ရွယ်ထားတဲ့ဟာကို ဖြစ်အောင် လုပ်နိုင်ခဲ့တဲ့အတွက် အင်မတန်ပျော်ပါတယ်” ဟု ရတနာပုံ FC အသင်း အုပ်ချုပ်ရေးမှူး ဦးစိုးမိုးလှိုင်က မဇ္ဈိမကို ပြောသည်။

ပထမပိုင်း ၁၆ မိနစ်တွင် တိုက်စစ်မှူး ရန်ပိုင် (နံပါတ် ၉) က ဘယ်တောင်ပံ တိုက်စစ်မှူး ဗယ်လာရီ (နံပါတ် ၈) ၏ ပေးပို့မှုမှတဆင့် ရတနာပုံ FC အတွက် အဖွင့်ဂိုး သွင်းယူခဲ့ပြီး၊ ပထမပိုင်း ပြီးခါနီး ၄၂ မိနစ်တွင် ဘယ်တောင်ပံ တိုက်စစ်မှူး မျိုးမင်းထွန်း (နံပါတ် ၁၄) က ရန်ကုန်ယူနိုက်တက်အတွက် ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။

မိနစ် ၆၀ တွင် ရန်ကုန်ယူနိုက်တက် ညာတောင်ပံ တိုက်စစ်မှူး ကြည်လင်း (နံပါတ် ၈) က အဝေးမှ ကန်သွင်းကာ ဒုတိယမြောက် ဂိုး ရယူပေးခဲ့သော်လည်း ဒုတိယပိုင်း ပွဲပြီးခါနီး ၈၂ မိနစ်တွင် ရတနာပုံ FC တိုက်စစ်မှူး ထွန်းထွန်းဝင်း (နံပါတ် ၁၀) က ချေပဂိုး ပြန်လည်သွင်းယူခဲ့ပြန်သည်။

ပယ်နယ်တီ ကန်သွင်းသည့် ရတနာပုံ FC မှ ရန်ပိုင်၊ ကမ်ဘူး၊ ထွန်းထွန်းဝင်း၊ ခင်မောင်ထွန်းတို့ ၄ ဦးစလုံး ဂိုးဝင်ခဲ့သော်လည်း ရန်ကုန် ယူနိုက်တက်မှ ကျော်ဒွန်း တဦးသာ ဂိုးဝင်ခဲ့ပြီး ကျော်ဇေယျာဝင်းနှင့် မစ်ဆီပိုတို့၏ ကန်ချက်ကို ရတနာပုံ ဂိုးသမား ယဉ်မင်းအောင် ပုတ်ထုတ် ကာကွယ်နိုင်ခဲ့သဖြင့် ရတနာပုံ FC သည် ပွဲစဉ်တလျှောက် ရှုံးပွဲမရှိ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ MNL Cup Grand Royal 2009 ခေါ် မြန်မာနေရှင်နယ်လိဂ်၏ ပထမဆုံးသော ဘောလုံးရာသီ ဖြစ်သည်။

ရတနာပုံ FC အသင်းသားများကို အုပ်စုပွဲစဉ်များမှ စတင်၍ ပွဲစဉ်တိုင်း ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပြီး၊ ယခုလို ဆုဖလား ဆွတ်ခူးနိုင်ခဲ့သဖြင့် အသင်းပိုင်ရှင်နှင့် လွယ်ဟိန်း Alpine သောက်ရေသန့် ကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက ထိုက်တန်စွာ ဂုဏ်ပြုရန် စီစဉ်ထားကြောင်း သိရသည်။

‘‘အုပ်စု ပွဲစဉ်တွေကစလို့ ပွဲတိုင်းပွဲတိုင်းအတွက် ကျနော်တို့က ဂုဏ်ပြုဆုငွေတွေ ပေးပါတယ်။ ကျနော်တို့က အပြင်ကိုတော့ သတင်းမထုတ်ပြန်ပါဘူး။ ဖိုင်နယ်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ခါတိုင်းထက်တော့ ပိုမှာပါ။ ကျနော်တို့ အသင်းပိုင်ရှင်က စီစဉ်နေပါတယ်” ဟု အသင်း အုပ်ချုပ်ရေးမှူး ဦးစိုးမိုးလှိုင်က ပြောသည်။

MNL ဆုဖလားကို မန္တလေးမြို့ အပါအဝင် မန္တလေးတိုင်းအတွင်းရှိ ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ ကျောက်ဆည် စသော လမ်းတလျှောက်ရှိ မြို့များကလည်း စောင့်ဆိုင်းကြိုဆိုကြမည်ဖြစ်ပြီး၊ ဆုဖလား သယ်ယူမည့် ခရီးစဉ်ကို စတင်ရေးဆွဲနေပြီဟု မန္တလေး ဘောလုံးအသိုင်းအဝိုင်းက ပြောဆိုသည်။

ယခုနှစ်အတွင်း MNL ပြိုင်ပွဲ နောက်တခုကို ယခုလာမည့် စက်တင်ဘာလမှ ဒီဇင်ဘာလ မတိုင်မီအတွင်း ပြန်လည်ကျင်းပရန် ရှိကြောင်း ဦးစိုးမိုးလှိုင်က ပြောသည်။

ရတနာပုံ FC အသင်းအား ကျပ်သိန်းပေါင်း ၅ ထောင် ခန့် အကုန်ကျခံကာ တည်ထောင်ခဲ့ရာ အသင်းမှ ပြန်လည် ရရှိငွေမှာ သိန်း ၆၀၀ ဝန်းကျင်သာရှိသဖြင့် သိန်းပေါင်း ၄ ထောင်ကျော် ဆက်လက်၍ ရင်းနှီးမြှုပ်နှံထားဆဲ ဖြစ်သည်။

MNL ပွဲစဉ်များအား ဦးစီး ကျင်းပပေးသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (Myanmar Football Federation – MFF) က KBZ FC အသင်းကို အသန့်ရှင်းဆုံး အသင်း ဆုဖလား၊ တတိယဆုရရှိသည့် မကွေး FC အသင်းကို ကျပ်သိန်း ၂၀၀၊ ဒုတိယဆုရှင် ရန်ကုန် ယူနိုက်တက်ကို တဦးချင်း ဆုတံဆိပ်နှင့် ကျပ်သိန်း ၃ဝဝ၊ ပထမဆု ရရှိသည့် ရတနာပုံ FC ကို တဦးချင်း ဆုတံဆိပ်၊ ကျပ်သိန်း ၅၀၀ နှင့် ချန်ပီယံဆုဖလား ချီးမြှင့်ခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်မှ ဇူလိုင်လ ၅ ရက်နေ့အထိ ကျင်းပခဲ့သော MNL ဘောလုံးပြိုင်ပွဲတွင် တိုင်း ၇ တိုင်း ကိုယ်စားပြု အသင်း ၇ သင်းနှင့် ပုဂ္ဂလိက အသင်း ၁ သင်း၊ စုစုပေါင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အသင်းများသည် ပြိုင်ပွဲဝင်ရန်အတွက် ကစားသမားပေါင်း ၁၈၉ ဦး ခေါ်ယူခဲ့ပြီး၊ ကစားသမားများအတွက် အသင်းပြောင်းရွေ့ခ လက်မှတ်ထိုးကြေးအဖြစ် စုစုပေါင်း ကျပ်သိန်း ၃၂၁၂ သိန်းအထိ အသုံးပြုခဲ့ကြသည်။ ၈ သင်းစလုံးရှိ ခေါ်ယူထားသော ကစားသမားများ၏ လစာငွေပေါင်းမှာ တလလျှင် ၈၄၁.၅ သိန်းခန့် ဖြစ်သည်။

လစာ ငွေရရှိနှုန်းမှာ ယခင် အဆင့်မြင့်တန်းမှ ကစားသမားများမှာ တလလျှင် ၁၀ သိန်းခန့် ရရှိနေပြီး၊ အခြား ကစားသမားများမှာ ၇ သိန်း၊ ၅ သိန်း၊ ၃ သိန်းခွဲ စသည်ဖြင့် ရရှိကြသည်။ နိုင်ငံခြားသား ကစားသမားများကိုမူ ဒေါ်လာ ၁၅၀၀၊ ၁၃၀၀ နှင့် ၁၀၀၀ ရရှိသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် - MFF က ၂၀၁၁ ခုနှစ်တွင် အသင်း ၁၂ သင်းအထိ ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

(ဤသတင်းကို ဆလိုင်းဇမ်းသယ်မှ ပေးပို့ကာ၊ ရဲရင့်အောင် တည်းဖြတ်သည်။)

စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ