ပထမဦးဆုံး MNL ဖလား မန္တလေးရသွားပြီ

သတင်း - အားကစား သတင်းရင်းမြစ် > ဧရာဝတီ တနင်္လာနေ့၊ ဂျူလိုင်လ ၆ ရက် ၂၀၀၉ ခုနှစ်


မြန်မာ့ကြေးစား ဘောလုံးလောက၏ ပွဲဦးထွက် MNL CUP Grand Royal 2009 ဖလား ဗိုလ်လုပွဲကို လူဦးရေ ကန့်သတ် ပြုလုပ်မည်ဟု အသံထွက်ခဲ့ သော်လည်း ယမန်နေ့ညနေက ရန်ကုန်တွင် အဆိုပါ ဗိုလ်လုပွဲ ကျင်းပသောအခါ ကွင်းလျှံထွက်သွားသည်။

ပရိသတ်များက လှိုက်လှိုက်လှဲလှဲ အားပေးကြသည် (ဓာတ်ပုံ - Soccer Myanmar)ဘောလုံးဝါသနာရှင်များ သုဝဏ္ဏကွင်း လေးဘက်လေးတန် ပြည့်သွားကာ လက်ရမ်းဘောင်များ ပေါ်တွင်ပင် ကုတ်တွယ် တက်ထိုင်ပြီး အားပေးကြသည်။ လူသွားလမ်းများတွင်လည်း မတ်တတ်ရပ် ကြည့်သူများဖြင့် ပြည့်နှက်နေသည်။

ဗိုလ်လုပွဲစဉ်ကို ရုပ်မြင်သံကြားတွင် တိုက်ရိုက် ထုတ်လွှင့် ပြသသောကြောင့် ညနေပိုင်း လျှပ်စစ်မီးရရှိသူ ရန်ကုန်ဒေသခံများက နေအိမ် ရုပ်မြင်သံကြားရှေ့မှ အားပေးကြသည်။

ဘောလုံးကွင်းအထိ သွားရောက်အားပေးကြသူများမှာ ပွဲမစမီ သုံးလေးနာရီ ခန့်ကပင် တဖွဲဖွဲ ကြိုတင်ရောက်နေကြသည်။

ပရိသတ်က ဆူဆူညံညံ အားပေးသကဲ့သို့ နှစ်ဘက် အားကစားသမားများကလည်း ကြမ်းကြမ်းတမ်းတမ်း ကစားကြသည်။ သို့သော်လည်း ဒိုင်လူကြီးက အဝါကတ် ၅ ကြိမ်သာ ထုတ်ပြခဲ့သည်။

ကြေးစား ဘောလုံးအသင်း ၈ သင်းထဲမှ အကောင်းဆုံး အသင်း ၂ သင်း ဖြစ်သော ရတနာပုံ FC အသင်းနှင့် ရန်ကုန် ယူနိုက်တက် FC  အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြသည့် ဗိုလ်လုပွဲ ဖြစ်သည်။

ရတနာပုံ FC အသင်းသည် မန္တလေးတိုင်းကိုယ်စားပြုအသင်းဖြစ်သည်။ ရန်ကုန် ယူနိုက်တက် FC  အသင်းမှာ ရန်ကုန်တိုင်းကို ကိုယ်စားပြုသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သည်ဟု သတင်းထွက်နေသော ဦးတေဇ ပိုင်ဆိုင်သည့်အသင်း ဖြစ်သည်။ ထို့ကြောင့် ဒိုင်လူကြီးများ အားကိုးဖြင့် ရန်ကုန်အသင်း အနိုင်ရရှိရေးကို ဆောင်ရွက်လိမ့်မည်ဟုပင် တချို့က တွက်ဆထားကြသည်။

ထိုတွက်ဆချက်များ မှားသွားသည်။ ရတနာပုံ FC အသင်း အနိုင်ရပြီး ဖလားကို ဆွတ်ခူးသွားလေသည်။ နှစ်ဂိုးစီ သရေကျနေသဖြင့် ပင်နယ်တီ ဆုံးဖြတ်ချက် ခံယူခဲ့ရာ ရတနာပုံအသင်းက ၆ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိသွားခြင်း ဖြစ်သည်။

ရန်ကုန်အသင်း အသင်းခေါင်းဆောင် ဂိုးသမား အောင်အောင်ဦးက အစွမ်းကုန် ကာကွယ်သော်လည်း ဂိုးများ အသွင်းခံရသည်။

သို့သော်လည်း သူ၏ ကြိုးပမ်းချက်မှာ ၆ ဂိုး အသွင်းခံခဲ့ရသဖြင့် ချီးကျူးခြင်း မခံရပေ။

“ဟိုခုန် ဒီခုန်နဲ့ ဟန်ရေးပြတာ များသွားတယ်လေ။ ဒါကြောင့် အသွင်းခံရတာ” ဟု ရန်ကုန်အသင်းဘက်မှ အားပေးသူ ရန်ကုန်သားတဦးက ပြောသည်။

ရတနာပုံ အသင်းဘက်မှ လောင်းကြေးထပ်သူတချို့မှလွဲ၍ ရန်ကုန်သား အများစုမှာ ရန်ကုန်အသင်းဘက်မှ အားပေးကြသူများဖြစ်သည်။

ရန်ကုန်အသင်းက ဂိုးရရှိချိန်တွင် တီဗီကြည့် ပရိသတ်ထံမှ “ဂိုး”ဟူသော ဝမ်းသာအားရ အော်ဟစ်လိုက်သံများ ဆူညံသွားသည်။

“လမ်းထဲမှာတော့ တီဗီကနေ တော်တော် ကြည့်ကြတယ်။ ရန်ကုန်က ဂိုးသွင်းလိုက်ရင်တော့ ကျုပ်တို့ တိုက်ခန်းတွေမှာ ခြေဆောင့်ပြီး အော်ကြတာ ပွက်လောရိုက်နေတာပဲ။ ဟိုက သွင်းလိုက်ရင်တော့ ငြိမ်သွားပါလေရော၊ လုံးဝ အသံ မထွက်တော့ဘူး” ဟု ရန်ကုန်မြို့လယ် အထပ်မြင့်တိုက်ခန်းတခုတွင် နေထိုင်သူ စာရေးဆရာတဦးက ပြောသည်။

ဘောလုံးပွဲ ကျင်းပရာ သုဝဏ္ဏကွင်းထဲတွင်လည်း အော်ဟစ် အားပေးသံများဖြင့် ဆူပွက်နေသည်။ ရန်ကုန်တွင် ပြုလုပ်သောပွဲ ဖြစ်သော်လည်း မန္တလေးမှ ပရိသတ်အများအပြား ရောက်နေသောကြောင့် ပရိသတ်က ဆတူခန့် ဖြစ်သွားသည်။

ဗိုလ်လုပွဲသို့ သွားရောက် ကြည့်ရှုမည့် ပရိသတ် အရေအတွက်ကို ကန့်သတ်သည့် အာဏာပိုင်တို့က ဝင်ကြေးကိုလည်း တိုးမြှင့်ခဲ့ရာ ရိုးရိုးတန်း လက်မှတ်ကို ကျပ် ၅ဝဝ မှ ကျပ် ၂ဝဝဝ သို့ ပြောင်းလိုက်သည်။ အထူးတန်း ကျပ် ၁ဝဝဝ တန်လက်မှတ်မှာ ကျပ် ၃ဝဝဝ ဖြစ်သွားသည်။

“အဲလိုသတ်မှတ်တာက ပရိသတ် တချို့ ဆူပူမှာကို ကာကွယ်ရာ ရောက်သလို အသင်းကြီးတွေ ယှဉ်ပြိုင်တဲ့ အခါ ပရိသတ်ကို ထိန်းတဲ့ သဘောပါ” ဟု မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်  ပြန်ကြား ရေးတာဝန်ခံ ဦးစိုးမိုးက သတင်းထောက်များကို ပြောဖူးသည်။

ကျပ် ၃ဝဝဝ တန် အထူးတန်း ပွဲကြည့်စင် လက်မှတ်မှာ ကွင်းအပြင်ဘက် မှောင်ခို ဈေးကွက်တွင် ကျပ် ၉ဝဝဝ ဝန်းကျင် ဖြစ်သွားသည်။

သုဝဏ္ဏကွင်း အပြင်ဘက်ရှိ လက်မှတ် မရသည့် ထောင်နှင့် ချီသော ပရိသတ်ကိုလည်း ဘောလုံးပွဲ တနည်းတဖုံ ကြည့်နိုင်ရန် အာဏာပိုင်တို့က စီစဉ်ပေးသည်။ သုဝဏ္ဏ လေ့ကျင့်ရေးကွင်း အမှတ် ၁ နှင့် အမှတ် ၂ တို့တွင် ပရိုဂျက်တာ ဖြင့် ပြသခဲ့ခြင်းဖြစ်သည်။

မေလ ၁၆ ရက်နေ့ မှ စတင် ကျင်းပခဲ့ သော မြန်မာနေရှင်နယ်လိ ပွဲစဉ်များကို မြန်မာ့ဘောလုံး ဝါသနာရှင်များက ဝမ်းသာအားရ ကြည့်ရှုအားပေးကြသည်။ မြန်မာ့ဘောလုံးလောက တခေတ်ဆန်းလာပြီဟု ကြိုဆိုကြသကဲ့သို့ အာဏာပိုင်တို့၏ ဘောလုံးခြေလှမ်းကို သံသယ ဝင်ကြသူများလည်း ရှိသည်။

အာဏာပိုင်တို့က ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် မဲဆွယ်လိုသောကြောင့် ကြေးစား ကလပ်အသင်းများ ဖွဲ့စည်းစေပြီး ပြိုင်ပွဲများ ပြုလုပ်စေခြင်းဖြစ်သည်ဟု သုံးသပ်သူများလည်း ရှိသည်။ မြန်မာပြည်၏ နိုင်ငံရေးအခြေအနေများကို အာရုံမစိုက်စေရန် ပြုလုပ်သည့် အစီအစဉ်များတွင် ဘောလုံးပွဲများလည်း ပါဝင်သည်ဟု အချို့က ယူဆနေကြသည်။

ယခုနှစ်မကုန်မီ မြန်မာနေရှင်နယ်လိ ပွဲစဉ်တခု ထပ်မံ ပေါ်ပေါက်လာဦးမည်ဟု အများက ယုံကြည်နေကြသည်။


စာဖတ်သူ ထင်မြင်ချက်များ
အသစ်ရေးရန် ရှာဖွေရန် RSS
ထင်မြင်ချက် ရေးရန်
အမည်
အီးမေးလ်
 
ခေါင်းစဉ်
UBBCode:
[b] [i] [u] [url] [quote] [code] [img] 
 
:Agree::Air::Angry::Beat::Blush::Boo::Cheer:
:Chween::Cry::Destroy::Evil::Dis::Dizzy::Flowers:
:FlyKiss::Gift::Happy::Hee::InLove::Laugh::$$:
:Ninja::No::Salute::Sideways::TDown::TUp::Tongue:
:Warn::Wink::Wow::Zzzz:
ပုံတွင်တွေ့ရသော Anti-Spam ကုဒ် ဖြည့်စွက်ပေးပါ

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 

သင့် E-Mail သို့ အရောက်ပို့ပေးမည်

သင့် E-Mail လိပ်စာ ဖြည့်စွက်ပါ